အမရပူရမြို့နယ်၊ မြစ်ငယ်ကုန်းတွင်းဆိပ်ကမ်း(DRY PORT)၌ MANDALAY COMMERCIAL COMPLEX လုပ်ငန်းစဥ် အကောင်အထည်ဖော်မှုတွန်းအားပေးခြင်း အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၁၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး)နှင့် Resources Group Logistics Company Limited (RGL)တို့ ပူးပေါင်းကျင်းပသော MANDALAY COMMERCIAL COMPLEX လုပ်ငန်းစဥ် အကောင်အထည်ဖော်မှုတွန်းအားပေးခြင်းအခမ်းအနားကို အမရပူရ မြို့နယ်၊ မြစ်ငယ်ကုန်းတွင်းဆိပ်ကမ်း(DRY PORT)၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ MANDALAY COMMERCIAL COMPLEX လုပ်ငန်းစဥ် အကောင်အထည်ဖော်မှုတွန်းအားပေးခြင်း အထိမ်းအမှတ်အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Resources Group Logistics Company Limited (RGL)၏ လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် အခမ်းအနားစတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး) တာဝန်ခံညွှန်ကြားရေးမှူး ဦးခမ်းလျန်စွမ်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များ၏ နိုင်ငံတော်အစိုးရ၏ ပထမရက် ၁၀၀ အတွင်း ပို့ကုန်တင်ပို့နိုင်မှုနှင့် ရှေ့အနာဂတ်ပို့ကုန်အလားအလာတို့ကို တင်ပြခဲ့သည်။ ထို့နောက် Resources Group Logistics Company Limited(RGL)၏ MDဒေါ်အေးငြိမ်းသူနှင့် CEO ဦးအောင်ခင်မြင့် တို့က ပြည်ပပို့ပြောင်းနှင့်သကြားများ တိုက်ရိုက်တင်ပို့နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)