တပ်ကုန်း ဇူလိုင် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး၊ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ (Grade-11)နှင့်(Grade-9)မှ ကျောင်းသား၊ကျောင်းသူငါးဦးတို့က လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့်ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းချမ်းစိုးတို့က ဦးဆောင်ဆွေးနွေးသူများ၊ မေးခွန်းမေးမြန်းသူများကို ဂုဏ်ပြုလက် ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နွယ်ရစ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆက်လက်ကျင်းပခဲ့ရာ (Grade-9)နှင့် (Grade-8)မှ ကျောင်းသား၊ကျောင်းသူ ခြောက်ဦးတို့က လူငယ်နှင့်မျိုးချစ်စိတ်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်