ထန်းတပင်မြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့်ပြပွဲကျင်းပ

ထန်းတပင်(ရန်ကုန်)   ဇူလိုင် ၁၇

ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့်ပြပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်း ကအာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ လူငယ်များအနေဖြင့် ပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံရေးနှင့် ဘဝတိုးတက်အောင်မြင်ရေး အကြောင်းအရာများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်သတင်းစာဆရာများအသင်းဥက္ကဋ္ဌ ဦးဇော်သိန်းကလူငယ်နှင့် စာပေအကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အတွင်းရေးမှူးဦးရန်လင်းအောင်ကအာဇာနည်နေ့အကြောင်းသိကောင်း စရာများကိုလည်းကောင်း တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူ ကလေးငယ်များကို ဟောပြောခဲ့ကြသည်။

ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဦးစီးအရာရှိ ဦးအောင်စံထွန်းနှင့်တာဝန်ရှိသူများက အမှတ်တ ရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

 ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)