အင်းစိန်မြို့နယ်၌ “မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ရန်ကုန်  ဇူလိုင်   ၁၇

ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ဇူလိုင်လ(၁၅) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်ရှိ Majestic Academy-Private School ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က အမှာစကားများပြောကြားခဲ့ပြီး Majestic Academy-Private School ကိုယ်ပိုင်အထက်တန်းကျောင်း Founder ဒေါ်နန်းသဉ္ဇာအောင်က မုဒိတာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထွန်းနိုင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ၊ မူးယစ်တပ်ဖွဲ့စု(၄၀)မှ ရဲမှူးသန်းထွဋ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်ခင်ခင်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းယု၊ ဒုတိယမြို့နယ်တရားသူကြီး ဦးမင်းသန့်ဖြိုးနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်သူတို့က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ပြသပေးခဲ့ရာ ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)