မရမ်းကုန်းမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

မရမ်းကုန်း   ဇူလိုင်  ၁၇

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး‌ ဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က ''အာဇာနည်နေ့အကြောင်းသိကောင်းစရာများ'' ခေါင်းစဉ်ဖြင့် စပ်လျဉ်း၍ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်နေ့တွင်အထိမ်းအမှတ်ပွဲများ ကျင်းပကြပုံအကြောင်းကို အကျယ်တဝင့် ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူများအား ဉာဏပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကာယပြိုင်ပွဲများဖြစ်ကြသော ဘောလုံးပစ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများကို ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝေယံ(မရမ်းကုန်း)