မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မုဒုံ    ဇူလိုင်   ၁၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ဇူလိုင် ၁၄ ရက်နေ့က  အ.မ.က(ကန်ကြီး)ကျောင်း၌ ပြုလုပ်သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇာဇာဖြိုးက ကျောင်းသား/သူများ အသိပညာဗဟုသုတ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်းစသည့် စာအုပ်စာစောင်များကို အားလပ်ချိန်များတွင် လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း၊ အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေများ ဖတ်ရှုလေ့လာကြရန် ပြောကြားသည်။ ထို့နောက်စားသုံးသူ ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့်စာအုပ် စာစောင်များ၊ အသိပညာပေး နံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူ (၅၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)