ပုဇွန်တောင် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ၊ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်း၊ ဦးစီးအရာရှိ ဒေါ်စမ်းစိမ့်စိမ့်သင်းနှင့်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာဖြစ်ရန်နှင့် အိမ်သာ သန့်ရှင်းရေး၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးတို့နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခဲ့ပြီး သန့်(၄)သန့် ကဗျာလေးများရွတ်ဆိုခြင်း၊ ကျောင်းသား/ကျောင်းသူများအား မျက်စိစမ်းသပ်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူးဒေါ်ဇင်မာဝင့်မှ ရာသီဥတုအပြောင်းအလဲတွင် ဖြစ်ပွားလေ့ရှိသောရောဂါများ ဖြစ်ပွားမှုကင်းအောင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများအား အသိပညာပေးပြီး ကျောင်းသား/ကျောင်းသူများကို ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးပေး၍ ဆေးကုသစောင့်ရှောက်ပေးခြင်းကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်