ကျောက်ပန်းတောင်း ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (လက်ပံပျား)မှ၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် A အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို၊ ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (လက်ပံပျား)မှ ၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲကို ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂ ဦးဝင်ရောက်ဖြေဆိုခဲ့ကြရာ၊ ၄၀ ဦး အောင်မြင်ခဲ့သဖြင့် အောင်မြင်မှု ရာခိုင်နှုန်း ၇၆ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်းသိရပြီး ၎င်းတို့အနက် A အဆင့်ဖြင့် အောင်မြင်သူ ၁၈ ဦးရှိကြောင်းနှင့် မွေးမြူရေး အတတ်ပညာ ဘာသာရပ်တွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး ရရှိသူတစ်ဦး ပါဝင်ကြောင်း သိရသည်။ ဂုဏ်ပြုပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက A အဆင့်အောင်မြင်အောင် ကြိုးစားခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ဝမ်းမြောက်စွာ ဂုဏ်ပြုပါကြောင်းနှင့် အထူးသဖြင့် မွေးမြူရေးအတတ်ပညာတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး ရရှိအောင် ဖြေဆိုနိုင်ခဲ့သည့် မနှင်းနှင်းဝေသည် မိမိတို့ကျောင်းအတွက် သမိုင်းမှတ်တိုင်တစ်ခု ရေးထိုးနိုင်ခဲ့သဖြင့် များစွာဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် A အဆင့်ဖြင့် အောင်မြင်ခဲ့သော တစ်ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ စက်မှု အတတ်ပညာ ၈ ဦး၊ စိုက်ပျိုးရေးအတတ်ပညာ ၂ ဦးနှင့် မွေးမြူရေး အတတ်ပညာ ၆ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၈ တို့အား ကျောင်းအုပ်ဆရာမကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် မွေးမြူရေးအတတ်ပညာဘာသာရပ်တွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးရရှိသည့် ဝက်ချုပ်ကုန်း ကျေးရွာမှ မနှင်းနှင်းဝေက အတန်းအလိုက် ကြိုးစားအားထုတ်ခဲ့ပုံများကို ရှင်းလင်းပြောကြားပြီး၊ A အဆင့်အောင်မြင့်ခဲ့သော မောင်ဟိန်းမင်းဇော်က သင်ကြားပြသပေးခဲ့ကြသည့် ဆရာ/ဆရာမများနှင့် ဂုဏ်ပြု ချီးမြှင့်ကြသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲသို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (လက်ပံပျား)မှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံဆရာ/ဆရာမများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွင်းလင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၂၀ ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)