(ဘီလူးကျွန်း) ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ ကျောက်သင်ပုန်းလုပ်ငန်းများ ကိုဗစ်ကာလ ခရီးသွားလာမှု နည်းပါးသည့်အတွက် အရောင်း အဝယ်နည်းပါး

ချောင်းဆုံ ဇန်နဝါရီ ၂၅

မွန်ပြည်နယ်  (ဘီလူးကျွန်း)ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှ ထွက်သည့် ကျောက်သင်ပုန်းကို လူသုံးကုန် ပစ္စည်းများအဖြစ် ဒီဇိုင်းဆန်းများနှင့် တီထွင်ပြု လုပ်ကာ စျေးကွက်ပြန်လည်ရရှိအောင် ပြုလုပ် ခဲ့သော်လည်း ကိုဗစ်ကာလ ခရီးသွားလာမှု မရှိသလောက် နည်းပါးသွားသည့်အတွက် အရောင်းအဝယ် နည်းပါးပြီး ကျောက်သင်ပုန်းကျောက် ထုတ်လုပ်မှုကို ရပ်နားထားရကြောင်း သိရသည်။

ကျောက်သင်ပုန်းကို သင်ကြားရေးအထောက်အကူပြု ပစ္စည်းအနေနဲ့ အသုံးပြုသူမရှိသလောက် နည်းပါး သွားသည့်နောက်ပိုင်းမှာ ကျောက်သင်ပုန်း လုပ်ငန်းလုပ်ကိုင်သူ ဒေသခံများက ကျောက်ထွင်းပန်းချီ၊ ကျောက်သင်ပုန်းပန်းချီ၊ မင်္ဂလာဖိတ်စာ၊ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အိမ်ဆောက် ပစ္စည်းများအဖြစ် ပုံစံအမျိုးမျိုးတီထွင်ပြီး မိရိုးဖလာလုပ်ငန်း မပျောက်ကွယ်အောင် လုပ်နေရတယ်လို့ ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မိုးခိုင်က ပြောသည်။

ဒီဇိုင်းဆန်းများနှင့် ပြုလုပ်ထားသည့် ကျောက်သင်ပုန်းများကိုပြည်တွင်း ခရီးသွားများ သာမကပြည်ပ ခရီးသွားများကပါ စိတ်ဝင်တစားလာရောက်လေ့လာ ဝယ်ယူကြပြီးကိုဗစ်−၁၉ ကြောင့် ခရီးသွားလာမှု မရှိသလောက်နည်းပါးသွားသည့်အတွက် အရောင်းအဝယ်နည်းပါးသွားတယ်လို့ မုဒွန်း ကျေးရွာက အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှ သိရသည်။

မုဒွန်းကျေးရွာမုဆိုးမတောင်မှ ထွက်ရှိသည့် သင်ပုန်းကျောက်များကို ၁၉၄၅ ခုနှစ်  မှ စတင်ပြီး မုဒွန်းကျေးရွာတစ်ရွာလုံးနီးပါးကျောက်သင်ပုန်း ၊ ကျောက်တံလုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြပြီးအရောင်းအဝယ် နည်းပါးလာတာနဲ့အမျှ လုပ်ကိုင်သူနည်းပါးလာပြီးလက်ရှိမှာတော့ လုပ်ငန်းရှင် (၁၀) ဦးခန့်လောက်သာ မိရိုးဖလာမကွယ်ပျောက်အောင် ဆက်လက်လုပ်ကိုင်နေကြောင်းသိရသည်။

ကေအေ(ချောင်းဆုံ)