တိုက်ကြီး ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းလွန်ကျောင်း မြို့မ(၄)မှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မစိုးရိမ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်သည်။
ဦးစွာ အခြေခံပညာမူလတန်းလွန်ကျောင်း မြို့မ(၄)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းမော်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဉ်ဖြင့် နိုင်ငံသားတိုင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်း၊ တာဝန်နှင့်ဝတ္တရားများ၊ လူမှုအဖွဲ့အစည်းတစ်ခုအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အခြေခံကျင့်ဝတ်များ၊ ပြည်သူ့နီတိ၏ အဓိကအနှစ်သာရများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)