ကော့မှူး ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိခင်နှင့်ကလေးများ ဘဝရှင်သန်ဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုး တိုးတက်လာရေးအတွက် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အမျိုးသမီးများဆယ်အိမ်စုမှူးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက ပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မိသားစုဝင်ငွေတိုးရေးကဏ္ဍ၊ လူမှုရေးကဏ္ဍစသည့် အခြေခံလိုအပ်ချက်များကို ဘက်စုံ ထောင်စုံမှထိရောက်အောင်မြင်စွာ အကူအညီပေးနိုင်ရေး အတွက်ဆယ်အိမ်လျှင် တစ်ဦးကျမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ ဦးဆောင်ကူညီဆောင်ရွက်ပေးနိုင်ရန်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များသည် ပြည်သူ့အကျိုးပြုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်း၊ မိသားစုဝင်ငွေတိုးစေရန်အတွက် စီးပွားရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်း၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများစသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်မိုးမြင့်က ဆယ်အိမ်စုမှူး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော့မှူးမြို့နယ် အတွင်းရှိကျေးရွာများရှိ အမျိုးသမီးများ ဆယ်အိမ်စုအလိုက် အစုအဖွဲ့များဖွဲ့၍ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပို့ချပေးခဲ့ပြီး ဆယ်အိမ်စုမှူးသင်တန်းတွင် မြို့နယ်အတွင်းရှိကျေးရွာများမှ အမျိုးသမီး(၃၅) ဦးတက် ရောက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့်အဖွဲ့ဝင်များသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကြက်ဆီထမင်းများဖြင့် အာဟာရကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)