ဒဂုံအရှေ့ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀) လမင်းစီမံချက်အရ ယမန်နေ့နံနက်ပိုင်းက (၆)ရပ်ကွက်ရှိ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက် (၁၀) နှစ်ပြည့် ကျောင်းသား(၁၁) ဦးနှင့် ကျောင်းသူ(၉) ဦး၊ စုစုပေါင်း (၂၀) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများကို နေ့ချင်းပြီး စိစစ်ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ပေးအပ် ခဲ့ကြသည်။
အဆိုပါ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထံ သက်သေခံအထောက်အထားများ ကွင်းဆင်းထုတ်ပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ