သထုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

သထုံ     ဇူလိုင်     ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အာဇာနည်နေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးတို့၏ အတ္ထုပ္ပတ္တိနှင့် စွမ်းဆောင်မှုများ၊ အာဇာနည်တို့၏ စိတ်ဓာတ်နှင့် စွမ်းရည်များ၊ ကျောင်းသား ကျောင်းသူများ ဗဟုသုတ တိုးပွားရေးအတွက် ကျောင်းပြင်ပ စာပေများ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြော ဆွေးနွေးသည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားတို့အား ပုံပြင်ပြော၊ ကဗျာရွတ်၊ ဉာဏ်စမ်းနှင့် စာစီစာကုံးပြိုင်ပွဲများကို ပြုလုပ်ပေးရာ (ဝါးတော) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသူကျောင်းသားတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူတို့အား ဆုချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အကြောင်း  သိကောင်းစရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ‌ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်