ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်(သို့မဟုတ်) ပြည်နယ်အတွက် အကျိုးရှိနိုင်မည့် ရေတို/ ရေရှည် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မြစ်ကြီးနား     ဇူလိုင် ၁၆

ကချင်ပြည်နယ်အနေဖြင့် နိုင်ငံတော်(သို့မဟုတ်) ပြည်နယ်အတွက်အကျိုးရှိနိုင်မည့် ရေအား လျှပ်စစ်စီမံကိန်းများ၊ မွေးမြူရေးလုပ်ငန်းနှင့် ဈေးအဆင့်မြှင့်တင်ခြင်းများ ပါဝင်သည့် ရေတို/ ရေရှည် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ထိုသို့ ပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး၊ တည်ငြိမ်အေးချမ်းစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားကြိုးစားဆောင်ရွက် ရာတွင် စနစ်တကျ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရေတို၊ ရေရှည်လုပ်ငန်းစီမံကိန်းများကို ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ စီမံကိန်းဆိုင်ရာ တွက်ချက်မှု၊ အကျိုးပြုမှုနှင့် အချက် အလက်များကို တိတိကျကျပြုစု၍ နိုင်ငံတော်အတိုင်ပင်ခံကောင်စီရုံးသို့ တင်ပြနိုင်ရေး၊ မိမိတို့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံတော်နှင့် ပြည်နယ်အတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် ရေတို/ရေရှည် စီမံကိန်းလုပ်ငန်းများဖြစ်စေရေး ပေါင်းစပ်ဆွေးနွေးပေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်း၊ စီးပွား‌ရေးနှင့် ဘဏ္ဍာ‌ရေးဝန်ကြီး ဦးချန်တန်ခင်က ရေတို/ ရေရှည် လုပ်ငန်းစီမံကိန်းများ ရေးဆွဲတင်ပြရာတွင် အလေးထား လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေပါအချက်များ၊ အမိန့်ညွှန်ကြားချက်များကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး  ဝန်ကြီး ဦးအောင်နိုင်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ပူတာအိုခရိုင်၊ အထက်နမ့်ထွမ် 30 မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းများ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက ပလနကျေးရွာအုပ်စု အတွင်း မွေးမြူ‌ရေးစီမံကိန်းနေရာ လျာထားသတ်မှတ်မှု၊ သား/ငါး/ ဥ တိုးတက်ထုတ်လုပ်နိုင်ရေး၊ အစာစပ် စက်ရုံများ တည်ထောင်ရေးဆိုင်ရာကိစ္စရပ်များ ကို လည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင်က မြစ်ကြီးနားရေစင်ဈေးအား အထပ်မြင့်ဈေးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဆိုင် ရာ လုပ်ငန်းစီမံကိန်းအချက်များကို လည်းကောင်း၊ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုဆိုင်ရာကာကွယ်ရေး လုပ်ငန်းစီမံကိန်းများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ လုပ်ထုံးလုပ်နည်း၊ ဥပဒေဆိုင်ရာအချက်အလက်များနှင့် ဌာနအလိုက် ရေတို/ ရေရှည်စီမံကိန်း များအပေါ် ဖြည့်စွက်တင်ပြနိုင်မည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လွင်က တင်ပြပါအကောင်အထည် ဖော်ရမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ရေးဆွဲတင်ပြနိုင်ရေး အကြံပြု ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများအပေါ် ခေါင်းစဉ်အလိုက် တင်ပြနိုင်ရေး ဆွေးနွေးဆုံးဖြတ်ပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ လူမှုဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနား မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀  လမင်း စီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်‌ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးဝင်းလှိုင်ဦးတို့က မြို့နယ်ဦးစီးမှူးရုံးမှ နေ့ချင်းအပြီး ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အား ကျောင်းသား/  ကျောင်းသူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူများအား မြို့နယ် ဦးစီးမှူး ဦးဆောင်၍ ရုံးအဖွဲ့ဝင်များက One Stop Service စနစ်ဖြင့် ခန်းမအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေမှုများနှင့် UID များ ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဦးစီးမှူးက လိုက်လံရှင်းလင်းတင်ပြမှုများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပိုင်ရှင်ဦးရီဆာ၏ မြေကွက်အတွင်း မြစ်ကြီးနားမြို့နယ် ခေါင်ဖူးရွာသစ်၊ ဝိုင်းမော်မြို့နယ် ဒိန်ဂျန်၊ ဘီဇော်၊ အောင်မောင်း၊ ဆနာ၊ စန်းကား၊ဘွမ်ဆင်၊ လုထောင်ကျေးရွာများနှင့် ဆဒုံးမြို့တို့မှ ယာယီတိမ်းရှောင်ခိုလှုံ နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အဆိုပါစခန်းအတွင်းရှိ အိမ် ထောင်စု ၁၀၈ စုတို့အတွက် ငွေကျပ် ၁၂၀၄၉၈၀၀ တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၁၁၄)အိတ်နှင့် ဆီ ၁၁၄ ပိဿာကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် အားပေးစကားပြောကြားကာ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။

ယင်းနောက် ရွှေစက်ရပ်ကွက်၊ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၌ ရွှေစက်ရပ်ကွက် အတွင်း ဝိုင်းမော်၊ တနိုင်း၊ ချီဖွေမြို့နယ်၊ ကံပိုင်တည်မြို့တို့ရှိ ရပ်ကွက်/ ကျေးရွာများမှ လာရောက်တိမ်း ‌ခရစ်ယာန်အသင်းတော်အသီးသီးရှိ စခန်းပေါင်း (၇)ခုမှ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု စုစုပေါင်း (၁၇၈)စုတို့နှင့် သွားရောက်တွေ့ဆုံပြီး ငွေကျပ် ၁၈၈၁၄၆၀၀ တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၁၇၈)အိတ်၊ ဆီ (၁၇၈)ပိဿာတို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စခန်းများကိုယ်စား တာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များ တင် ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်‌ထောင်စုများအား အားပေးအမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်