ပျော်ဘွယ်မြို့နယ်၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇူလိုင် ၁၆ ရက်၊ နံနက် ၁၀ နာရီ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်က အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မိုးသန့်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အေးမြသီတာ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးမွန်၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်တို့က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ငယ်ရွယ်စဉ်အချိန်မှ စတင်ကာ ရှောင်ရှားရမည့်နည်းလမ်းများ၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်ရန်စည်းရုံးရမည့်အချက်များ၊ မြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အခြေအနေများနှင့်သုံးစွဲခြင်း၊ ရောင်းချခြင်းတို့ကြောင့် ရရှိလာမည့်ပြစ်မှု၊ ပြစ်ဒဏ်များ စသည်တို့ကို ဦးဆောင်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)