၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇူလိုင်  ၁၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင်(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ် ကျောင်း သား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ယနေ့နံနက်ပိုင်းက ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပသည်။

ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှုများ၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိတို့ကို ဟောပြောခဲ့ပြီး  ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုသမိုင်းကြောင်းများအား ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ခဲကြောင်းသိရသည်။

စုစုအေး(ကျောက်ဆည်)