ချမ်းအေးသာစံ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးစာပေ တိုးတက်စေရန်သာမက အသိပညာဗဟုသုတများစွာ ကြွယ်ဝစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းတို့ကို အမှတ်(၁၀) အခြေခံပညာ အလယ်တန်းကျောင်း၌ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။
ကျောင်းသားလူငယ်များအား စာအုပ်စာပေများနှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းများမှ အမှား၊ အမှန်ကိုဝေဖန်ပိုင်းခြားနိုင်သည့် စိတ်သဘောထားများရရှိစေရန်တို့အတွက် သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဖြစ်ပေါ်လာပုံအား ကျောင်းသားလူငယ်များ သိရှိနားလည်စေရန်နှင့် လူငယ်များ၏ ဘဝတက်လမ်းကို ဖျက်ဆီးစေနိုင်သည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများအား သိရှိစေရန် နံရံကပ်စာစောင်များအား ခင်းကျင်းပြသခြင်းများကို ဆောင်ရွက်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို စဥ်ဆက်မပြက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)