အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မန္တလေး ဇန်နဝါရီ ၂၅

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက သီရိမာလာအရှေ့ရပ်ကွက်၊ အကွက်(၁၈၉)ရှိ မြတ်စောညီနောင် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်ရှင်းလင်း ပြောကြားပြီး နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းဦး၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးနေမျိုးထွန်း၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမျိုး၊ ရပ်ကွက်စာရေး ဦးဇော်ဌေးဦးနှင့်ရာအိမ်မှူးများ၊သီရိမာလာ အရှေ့ရပ်ကွက်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အလားတူ အသိပညာပေးရှင်းလင်းပွဲများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြည်ကြီး ရန်လုံရပ်ကွက်တွင်လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က ဘုန်းတော်တိုးရပ်ကွက်နှင့် အိုးဘိုရွှေကျင်ရပ်ကွက်များတွင်လည်းကောင်း အဖွဲ့ခွဲ၍ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)