မြစ်သား ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်ဦးဆောင်၍ ဝန်ထမ်းများက မင်းကုန်းရပ်ကွက် အခြေခံပညာမူလတန်းလွန် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ရှိန်မြင့်မားရေးနှင့်အာဇာနည်နေ့သမိုင်းကြောင်းများကိုသိရှိစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို အဆိုပါကျောင်း၌ ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်တူးတူးမာက ကျောင်းသား၊ကျောင်းသူများအား ယဥ်ကျေးလိမ္မာမူရှိ စေရန်နှင့်စည်းကမ်းရှိစေရန် အကြောင်းအရာများပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာအောင်က စာဖတ်ခြင်း ၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းကြီးများ၏ အကြောင်းများ၊ အာဇာနည်စိတ်ဓာတ်ထားရှိရေးတို့ကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၉)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)