မြန်မာ့လက်မှုအနုပညာလက်မှုလုပ်ငန်း ပုဂံဒေသထွက် ယွန်းထည်ပစ္စည်းပုံမှန်လုပ်ကိုင် ရောင်းချလျက်ရှိ

ညောင်ဦး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု ယွန်းထည်လုပ်ငန်းပုံမှန် လုပ်ကိုင်ရောင်းချလျက်ရှိကြောင်း ယွန်းလုပ်ငန်းပိုင်ရှင်များထံကသိရသည်။

ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာဖြစ်ပြီး အင်မတန် အနုစိတ်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်ကာ ယွန်းပစ္စည်းအမျိုးပေါင်း တစ်ရာကျော် ပြုလုပ်ကြောင်း၊ ယွန်းလုပ်ငန်းရှင်များ အများဆုံးပြုလုပ်သည့် ယွန်းလက်ဖက်အုပ်၊ ယွန်းဆွမ်းအုပ်များကို အများ ဆုံးပြုလုပ်ကြကြောင်းသိရပြီး ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန်မာလူမျိုးများ ယွန်ထည်အမျိုးမျိုးသာ အသုံးပြုခဲ့ကြကြောင်း၊ ပလို့ခေါ်ငါးဆင့်ပ လို့ဆွမ်းအုပ်များဖြင့် ယနေ့တိုင် ရွှေစည်းခုံဘုရားပွဲ၊ အာနန္ဒာဘုရားပွဲ၊ ငှက်ပစ်တောင် ဘုရားပွဲ၊တုရင်တောင်ဘုရားပွဲ၊ ကန်တော့ပလ္လင်ဘုရားပွဲများနှင့်မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ရှင်ပင်စာကြိုလှဘုရားပွဲများတွင် ယွန်းပလို့(ငါးဆင့်) ပါသောဆွမ်းအုပ်ကြီးများဖြင့် ဆွမ်းပို့ခြင်း၊ဆွမ်းလောင်းလှူလျက်ရှိသေးကြောင်း သိရသည်။ ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင် မပါမဖြစ် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိသည့် မဲတင်းခါးဝါး၊ တင်းဝါး၊ နန်းထောင်ဝါး၊ မဲဇာဝါးများကိုသုံး၍ ယွန်းထည်အမျိုးမျိုး ပြုလုပ်ကြသော်လည်း မဲတင်းခါးဝါးတစ်မျိုးထဲကိုသာ ယွန်းထည်ပြုလုပ်ရာတွင် စွဲစွဲမြဲမြဲ အသုံးပြုကြကြောင်းသိရသည်။ ယွန်းထည်ပြုလုပ်ရခြင်း အဆင့်ဆင့်တွင် အချောခံခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ်ခြင်း၊ နှီးသတ်ခြင်း၊ ရက်ထည်တို့ကို အဆင့်ဆင့် ပြုလုပ်ရကြောင်း၊ ယွန်းထည်ပစ္စည်းများ သုတ်ရန် သစ်စေးဆယ်ပိဿာပုံးတစ်ပုံး ဆယ်သိန်းကျပ်ပေးဝယ်ရကြောင်းလည်း ယွန်းလုပ်ငန်းရှင်များက ပြောကြားသည်။

ယွန်းထည်လုပ်ငန်းလုပ်ကိုင်ကြသည့် ယွန်းလုပ်သားတစ်ဦး တစ်ရက်လျှင်  ကျပ် ၁၀၀၀၀ နှင့်ယွန်းကျွမ်းကျင်လုပ်သားတစ်ဦးလျှင်  ကျပ် ၂၀၀၀၀ ရရှိကြကြောင်း၊ ယွန်းထည်များ ပြုလုပ်ပြီးသော်လည်း တစ်နှစ်ကျော်ကြာမှ ရောင်းချရကြောင်း ယွန်းထည်များ ပြုလုပ်ပြီး မြေအောက်ခန်းအတွင်း အလုံပိတ်ထားကာ ယွန်းထည်များမြေ ထပ်ပေးထားကာ နောက်ဆုံးအဆင့် ရောင်းချရသည့်အချိန်တစ်နှစ်ကျော်မှ ရောင်းချရကြောင်း ယွန်းလုပ်ငန်းရှင်များက ရှင်းပြသည်။ ယွန်းထည်ရောင်းချရမှု ဧည့်သည်ဝင်ရောက်မှုနည်း ပါးသော်လည်း ယွန်းထည်များ ချက်ခြင်းလုပ်ချက်ခြင်းရောင်းရသည့် ကုန်ပစ္စည်းမဟုတ် ခြင်းကြောင့် ညောင်ဦးမြို့၊ ပုဂံမြို့၊ မြင်းကပါကျေးရွာတို့ရှိ ယွန်းလုပ်ငန်းရှင်များ ယွန်းထည် ပစ္စည်းများပုံမှန်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ဒီပါလင်း