စဉ့်ကိုင် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အမှာစကားပြောကြားခဲ့ပြီးနောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းအတူ တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းအတ္ထုပ္ပတ္တိများအကြောင်းကို ဆွေးနွေးကာ ကျောင်းသား/ကျောင်းသူ လူငယ်များ မိမိတို့နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်တက်ကြွနိုးကြားလာစေရန်၊ အထိမ်းအမှတ်နေ့များကို အစဉ်အောက်မေ့သတိရနေစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက “မျိုးချစ်စိတ်ဓာတ်နှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။
၎င်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါရုံးဝန်းအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ၊ အာဇာနည်နေ့မှတ်တမ်းဓါတ်ပုံများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များအား ပြသထားရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)