မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာများ အသိပညာပေးဆွေးနွေးဟောပြောပွဲများနှင့် မြေပြင်ကွင်းဆင်းအသိပညာပေးခြင်းများဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့နေ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အလေးထား လိုက်နာတတ်စေပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(ကချင်)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများ အရှိန်အဟုန်မြင့် ကျင်းပပြုလုပ်ခဲ့ကြသည့်အပြင် မြေပြင်ကွင်းဆင်းအသိပညာပေးခြင်းများကို‌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲများကို ဇူလိုင် (၁၄) ရက်နေ့တွင် မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ လည်းကောင်း၊ ဇူလိုင် (၁၅) ရက်နေ့တွင် ဝိုင်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ လည်းကောင်း ကျင်းပ ပြုလုပ်ရာ အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(ကချင်) ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးမင်းရန်ထွန်း၊ ရဲအုပ်ဇာနည်စိန်အောင်နှင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းများမှ ကျောင်းအုပ်များနှင့် သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသား မိဘများအား မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် သတိပြုလိုက်နာရမည့် စည်းကမ်းများ၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အရည်အသွေးပြည့်မီသော မော်တော်ဆိုင်ကယ်စီးဦးထုပ်ဝတ်ဆင်မောင်းနှင်စေရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက် များအား ပါဝါပွိုင့်ပရိုဂျက်တာဖြင့် အသိပညာပေး ချပြရှင်းလင်းဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်း ကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည့်အပြင် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။

ထို့အပြင် မြစ်ကြီးနားမြို့တွင် ယာဉ်သွားလာမှုများသည့် သခင်နက်ဖေလမ်း၊ ဆွမ်ပရာဘွမ်လမ်းနှင့် ဇော်ဂျွန်းလမ်းမများတွင်လည်း လမ်းသွား/လမ်းလာ ယာဉ်စီးနင်းသူများအား မော်တော်ယာဉ်များ မောင်း နှင်အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်း/စည်းကမ်းများ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အရည် အသွေးပြည့်မီသော မော်တော်ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ တပ်ဆင်မောင်းနှင်စေရေးနှင့် ဦးထုပ် မပါသူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်