သာစည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သင်းသင်းက စာစီစာကုံးပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ကာတွန်းလူမင်းအောင်က ပန်းချီပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲများကိုစတင်ရာ သာစည်မြို့အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများ၊ တမာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကွမ်းခြံရိုးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းနှင့် သာစည်မြို့အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်(ခွဲ)မီးရထားတို့မှ ကျောင်းသား/ကျောင်းသူ ၄၂ ဦးက အာဇာနည်နေ့နှင့်ပတ်သက်သော ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူ ၂၆ ဦးတို့က “မျက်ရည်မိုးဖြိုင် ၁၉ ဇူလိုင်”ခေါင်းစဉ်ဖြင့် စာစီစာကုံးကို လည်းကောင်းယှဉ်ပြိုင်ကြရာ ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ထို့နောက် ကျောင်းသား/သူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)