မန္တလေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်၊ အထက(၈)၊ ဧသီတာခန်းမ၌ ဇူလိုင် ၁၅ရက်၊ မွန်းလွဲတစ်နာရီတွင် ကျင်းပရာ တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းက လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင်က ဒေသန္တရစီမံကိန်းရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့‌‌နောက် အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်နှင့် ပြင်ဦးလွင်ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးများက ခရိုင်အလိုက် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တာ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရသည်။

MMT