မန္တလေး ဇူလိုင် ၁၆
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ သီရိသုခဓမ္မာရုံ ၌ ယနေ့ နံနက် ၉ နာရီခွဲက “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက “ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းမှ မြို့မစခန်းမှူး ဒုရဲမှူးအောင်ထွန်းဝင်း၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ အငယ်တန်းအင်ဂျင်နီယာ ဦးညဏ်လင်းထက်တို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများကလည်း သိရှိလိုသည်များ ကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)