မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက်ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ တက်ရောက်

မန္တလေး ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ရက် နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင်ကျင်းပသည်။

အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များ၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းသည် ဆောင်ရွက်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ဥပဒေ၏ မျှတမှု၊ ညီမျှမှု အကာအကွယ်ကိုလည်း ပြည်သူများရရှိစေမည်ဖြစ်ပါကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ကြရသူများဖြစ်သည့်အတွက် ပြည်သူကိုဗဟိုပြုပြီး ပြည်သူ့အသံကိုနားစွင့်ကာ ပြည်သူလူထုအကျိုး၊ နိုင်ငံတော်အကျိုးကို အဂတိတရားကင်းရှင်းစွာဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဥပဒေချုပ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းများ ပို့ချပေးမည့်အခြေအနေများနှင့် သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT)ကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ မြို့နယ်ဥပဒေအရာရှိများက  သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

(MMT)