ဒလ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက (၇၉) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းဆရာမ ဒေါ်လှလှရီ(ငြိမ်း)မှ အာဇာနည်နေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိအကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)