တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ စက်သုံးဆီအရောင်းဆိုင်များတွင် တပ်ဆင်အသုံးပြုနေသည့် ထရန်စဖော်မာများနှင့် လျှပ်စစ်မီးလိုင်းများ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း၊ ဇန်နဝါရီ-၂၅

လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များသည်၊  ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ် မန်နေဂျာနှင့် ဝန်ထမ်းများ လိုက်ပါလျက်၊  ယမန်နေ့ မွန်းလွဲ၂)နာရီခွဲက  ကျောက်ပန်းတောင်းမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အသုံးပြုနေသည့် ထရန်စဖော်မာနှင့် လျှပ်စစ်မီးလိုင်းများ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမြင့်ဇော်သည် လက်ထောက်ညွှန်ကြားရေးမှူး ဦးဖေဝင်း၊ ဦးစီးအရာရှိ ဒေါ်သဲနှင်းဦးတို့နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိခဲ့ပြီး၊ မြို့နယ်လျှပ် စစ်မန်နေဂျာ (အင်/ယာ) ဦးကျော်မိုးနှင့် ဝန်ထမ်းများလိုက်ပါလျှက် မြို့ပေါ်ရှိ OK Energy စက်သုံးဆီအရောင်းဆိုင်၊ Asia Power စက်သုံးဆီအရောင်းဆိုင်နှင့် Denko စက်သုံးဆီအရောင်းဆိုင်များရှိ အသုံးပြုနေသော ထရန်စဖော်မာများ နှင့် လျှပ်စစ်မီးကြိုးသွယ် တန်းထားရှိသုံးစွဲနေမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြပြီး၊ ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမြင့်ဇော်က သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိရန် လိုအပ်သည်များကို ပြုပြင်သွားရန်နှင့် ထရန်စဖော်မာနှင့် အနီးဝန်းကျင်တွင် သန့်ရှင်းရေး အမြဲ ပြုလုပ်ထားရှိရန်၊ စက်သုံးဆီအရောင်းဆိုင်ဧရိယာအတွင်း ဝန်ထမ်းများ ချက်ပြုတ် စားသောက်ခြင်း မပြုရန်နှင့် စက်သုံးဆီပန့်နှင့် အနီးဝန်းကျင်တို့တွင် လျှပ်စစ်မီးပလပ်ခုံများ ထားရှိခြင်းမပြုရန်ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)