တာလေမြို့၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် အခြေခံစားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

တာလေ    ဇန်နဝါရီ    ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့် တာလေမြို့တွင် ဗုဒ္ဓဘာသာ သာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့က တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ဦးဆောင် သော အဖွဲ့များက တာလေမြို့၊ မိုင်းလင်း(အနောက်) ကျေးရွာအုပ်စု၊ ခမ်းရှဲန်ကျေးရွာသို့ သွားရောက်ပြီးတောင်တန်း သာသနာပြု ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေကျပ်(၇၅)သိန်းကို ပေးအပ်လှူဒါန်းခြင်းနှင့် အခြေခံစားသုံး ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာ သာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍တာလေမြို့၊ မိုင်းလင်း (အနောက်) ကျေးရွာအုပ်စု၊ ခမ်းရှဲန် ကျေးရွာတွင် အသစ်တည်ဆောက်နေသည့် တောင်တန်းသာသနာပြု ကျောင်းအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ဦးဆောင်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့်ကလေး စောင့်လျှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနဦးစီးမှူး၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဦးစီးမှူး၊ အမှတ်(၂) သတ္တူတွင်းလုပ်ငန်းမန်နေဂျာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တော ဦးစီးဌာန ဦးစီးမှူးတို့သည် တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်းလိုက်ပါ၍ အဆိုပါကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် အလှူတော်ငွေ ကျပ်(၇၅)သိန်းကို ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

ဆက်လက်၍ “အဆိုပါကျေးရွာရှိ အိမ်ထောင်စု (၄၈)စုကို အခြေခံစားသုံးကုန်ပစ္စည်းများဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ခေါက်ဆွဲ၊ ကြက်သွန်များအပြင် ဟင်းသီးဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါ တယ်” ဟု တာလေမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က ပြောသည်။

ထို့အပြင် ခမ်းရှဲန်ကျေးရွာရှိ သက်ကြီးဘိုးဘွား(၂)ဦးအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ အပြင် ကျန်းမာရေး အတွက် ဆေးဝါးများလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)