ရန်ကုန် ဇူလိုင် ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သန်လျင်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ ဗိုလ်ချုပ်မူလွန်(၁)၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအား သန်လျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို၊ သန်လျင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအောင်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီးဂိမ်းပြိုင်ပွဲ၊ ပုံတူပန်းချီရေးဆွဲခြင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ ဓာတ်ပုံနံရံကပ်စာစောင်ပြပွဲတို့အား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက်ခန်းမအတွင်း ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်မျိုးအောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်တို့က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ် ညွန့်ညွန့်မော်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ယင်းနောက် စာရေးဆရာ မောင်ညိုမှိုင်း(သန်လျင်)က "စာဖတ်ကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်ကျောင်းသား၊ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ