မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာ၌ စိုက်ပျိုးရေရရှိရေးအတွက် စက်ရေတွင်းအသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇူလိုင် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ပထမရက်(၁၀၀) Quick Win အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ပင်းဟဲကျေးရွာ၌ စိုက်ပျိုးရေရရှိရေးအတွက် စက်ရေတွင်း အသုံးပြုဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိဝန်ထမ်းများက စိုက်ပျိုးရေရရှိရေး ကျေးရွာလုပ်ငန်းကော်မတီ ဝင်များ၊ တောင်သူများနှင့်အတူ လေးလက်မအကျယ်ရှိ စက်ရေတွင်း(တွင်းတိမ်)၊ အနက် ပေ(၁၀၀)ရှိ တွင်း ငါးတွင်းနှင့် 22 Hp အင်ဂျင် လေးလက်မ Water Pump တစ်စုံ၊ သုံးလက်မအကျယ်ရှိ အပေါ့စားရေစုပ်စက် နှစ်လုံးတို့ အသုံးပြု ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ကြပြီး မြို့နယ်ဦးစီးမှူးက အဆိုပါ ဆက်စပ်ပစ္စည်းအား အသုံးပြုနည်း လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်အသုံးပြုကြရန်၊ ရေရှည်တည်တံ့ခိုင်မြဲစွာအသုံးပြုကြရန်နှင့် တောင်သူများအား ပိုင်ရှင်စိတ်ဓာတ်ဖြင့် စနစ်တကျ အသုံးပြုကြရန် တိုက်တွန်းပြောကြားသည်။

ပင်းဟဲကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် လေးလက်မအကျယ်ရှိ စက်ရေတွင်း(တွင်းတိမ်)နှင့် အနက်ပေ (၁၀၀) ရှိ တွင်း ငါးတွင်းအား မိုးတွင်းကာလတွင် 22Hp အင်ဂျင် လေးလက်မ Water Pumpနှင့် သုံးလက်မအကျယ် အပေါ့စားရေစုပ်စက်တို့ကို အသုံးပြုခြင်း ဖြင့် လည်းကောင်း၊ နွေရာသီနှင့် ဆောင်းရာသီကာလများတွင် မိုဘိုင်းဆိုလာနှင့် ဆိုလာရေစုပ်စက် အသုံးပြုခြင်းတို့ဖြင့်လည်းကောင်း၊ စပါး၊ မြေပဲ၊ ပဲပုတ်၊ ကြက်သွန်စိုက်ခင်းတို့ကို ရာသီမရွေး စိုက်ပျိုးနိုင်မည်ဖြစ်၍ တောင်သူ (၂၅) ဦးနှင့် စိုက်ဧက (၁၅၈) ဧကအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း