သထုံ ဇူလိုင် ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာရေး၊ အွန်လိုင်းများပေါ်မှ သတင်းအတု သတင်းအမှားများ ဂရုပြုနိုင်ရေး စသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောပြီး ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အခွင့်အရေးများ၊ ကုန်ပစ္စည်းများဝယ်ယူရာ၌ သတိပြုရမည့်အချက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည်တို့ကို ရှင်းလင်းဟောပြောရာ ကျောင်းသားကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းကြပြီး ဟောပြောသူတို့က ပြန်လည်ရှင်းလင်းပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်