မော်လမြိုင် ဇူလိုင် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် MSME Agency One Stop Service Centre MSME ယာယီမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း မှတ်ပုံတင်လက်မှတ်(ယာယီ)ပြုလုပ်နေမှုများအား လှည့်လည်ကြည့်ရှု၍ (ယာယီ)မှတ်ပုံတင်လက်မှတ်များအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သားဖွား သင်တန်းကျောင်း(မော်လမြိုင်)သို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ၏ ဘာသာရပ်အလိုက် သင်ခန်းစာများသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်သူအားလုံး သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်ရေးနှင့် ရောဂါဘယများ ကင်းရှင်းစေရေးအတွက် မိမိတို့သင်ယူ တတ်မြောက်ထားသည့် ပညာစွမ်းအား၊ ကာကွယ် စောင့်ရှောက်ပေးရမည့် လူနာများအပေါ် စိတ်စေတနာအပြည့်ဖြင့် တာဝန်ယူ ပြုစုပေးနိုင်မယ့် သူနာပြု၊ သားဖွားကောင်းများ ဖြစ်စေရန် ရည်မှန်းချက် ထားရှိသွားရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက် ဖွယ်ရာများပေးအပ်၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)သို့ ရောက်ရှိပြီး တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ/မများနှင့် ဆရာအတတ်ပညာ သင်မွမ်းမံသင်တန်း တက်ရောက်နေသည့် သင်တန်းသား/သူများ၏ ဘာသာရပ်အလိုက် သင်ခန်းစာများသင်ယူနေမှုအခြေအနေတို့ကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးမည့် ဆရာ၊ ဆရာမများ ဖြစ်သည့်အတွက် မိမိကိုယ်တိုင် ပညာရည်ထူးချွန်ရုံသာမက ကျင့်ဝတ်နှင့် စာရိတ္တပိုင်းတွင်ပါ စံပြဖြစ်စေရန် လေ့ကျင့်သင်ကြစေလိုကြောင်း ပြောကြားပြီး သင်တန်းတက်ရောက်နေသော သင်တန်းသား/သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)