ကျောက်ဆည်မြို့နယ် တောင်ပလူစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား စပါးစိုက်တောင်သူများအား သွင်းအားစုများပေးအပ်

ကျောက်ဆည် ဇူလိုင် ၁၅

မန္တ‌လေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ အခြေခံသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ယမန်နေ့က ကုလားကျောင်းကျေးရွာအုပ်စု၊ တောင်ပလူကျေးရွာ၊ တောင်ပလူ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား မိုးစပါးစိုက် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သွင်းအားစုထောက်ပံ့ပေးအပ်ပွဲတွင် မန္တ‌လေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သွင်းအားစုများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မိုးစပါး ၁၇၇ ဧက စိုက်ပျိုးမည့် တောင်သူ ၄၅ ဦးအား တစ်ဧက ငွေ ၀ ဒဿမ ၂၅ သန်းကျပ် နှုန်းဖြင့် ငွေ ၄၄ ဒဿမ ၂၅၀ ကျပ်သန်းတန်ဘိုးရှိ ပုလဲမြေဩဇာသွင်းအားစုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း(၁၆)သင်းမှ သမဝါယမအသင်းသား စပါးစိုက်တောင်သူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးစပါး ၂၀၀၀ ဧက အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)