သုံးခွ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမက(၁)ကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အမက ၁ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မျိုးချစ်စိတ်ဖြစ်ပေါ်လာစေရန်နှင့် လွတ်လပ်ရေးရရှိအောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံတို့ကို ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၈၀)ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ် ရပ်ကွက်နှင့်ကျေးရွာအခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်