ပြည်ကြီးတံခွန် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က “စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် စာပေ၏အကျိုးကျေးဇူးများ အကြောင်းများ၊ မူးယစ်ဆေးဝါးအကြောင်းအရာများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို ရှင်းလင်း ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက အားကစားသင်တန်းများ ဝါသနာပါပြီး တက်ရောက်လိုသည့် ကျောင်းသား/ သူများကို ဖိတ်ခေါ်ခြင်း၊ အားကစား သင်တန်းများ တက်ရောက်ရာတွင် အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့များတွင် ညနေ ၅ နာရီက စတင်၍ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အားကစားနည်းများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်အားကစားနည်းပြ (နည်းစနစ်)ဆရာ ဦးအောင်တိုးကလည်း ကျောင်းသား/သူများ အနေဖြင့် အားလပ်သည့် အချိန်များတွင် အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အားကစားအကျိုးကျေးဇူးများ အကြောင်းအရာများအား ပြောကြားခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/သူများကလည်း သိရှိလိုသည်များကို မေးမြှန်းခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)