ခရမ်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းကို ယမန်နေ့က ခရမ်းမြို့နယ် သံဃနာယကရုံး ရဲမွန်ကျောင်းတိုက်ကြီး၏ သာသနဝေပုလ္လဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရမ်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တပညာဇောတမှ ဩဝါဒစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းလျှောက်ထားခဲ့ပြီး ခရမ်းမြို့နယ်ကံကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လ (သာသနာဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရဩဝါဒါစရိယ ဆရာတော်၊ တိုင်းသံဃနာယကအကျိုးတော်ဆောင် ဘဒ္ဒန္တသုမင်္ဂလ (သာသနဓဇဓမ္မာစရိယ မဟာဂန္တဝါစကပဏ္ဍိတ) ဆရာတော်နှင့်တိုင်းသံဃနာယက တွဲဘက်အကျိုးတော်ဆောင် ဘဒ္ဒန္တကုမာရ (သာသနဓဇဓမ္မစရိယ MA သီရိလင်္ကာ) တို့က ဝိနည်းဓိုရ်(ဆင့်ပွား)ကို သင်ကြားပို့ချပေးခဲ့ပြီး ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ခရမ်းမြို့နယ်အတွင်းမှ သံဃာတော် (၅၀) ပါးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၃) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)