ကျောက်ပန်းတောင်း ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို၊ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၉ နာရီက သာယာအေးရပ်ကွက်ရှိ လေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မီမီသက် ဦးဆောင်သည့် ကျောင်းကျန်းမာရေး ဝန်ထမ်းများသည်၊ လေးရွာအခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ လေးများအား၊ အရေပြားရောဂါ စစ်ဆေးခြင်း၊ သွားရောဂါစစ်ဆေးခြင်း၊ မျက်စိကျန်းမာရေး စစ်ဆေးခြင်းများနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ သွားနှုတ်ခြင်းများ ဆောင်ရွက်ကြပြီး၊ သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းရှိ သောက်ရေကန်၊ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် Grade-3၊ Grade-4၊ Grade-5 ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းကျန်းမာရေး သူနာပြု ဒေါ်တင်တင်အေးက အခြေခံကျန်းမာရေး ဆိုင်ရာများနှင့်ပတ်သက်၍ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောပြီး၊ အခြေခံကျန်းမာရေးနှင့် ပတ်သက်သည့် မေးခွန်းများမေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ဆောင်ရွက်၍ အဖြေမှန် ဖြေဆိုနိုင်သည့် ကျောင်းသား/ ကျောင်းသူ များအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ မီမီသက်နှင့် ကျောင်း ကျန်းမာရေးဝန်ထမ်းများက လေးရွာအခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၅၅ ဦးတို့အား မျက်စိ၊ သွား၊ အရေပြား ကျန်းမာရေး စစ်ဆေးခဲ့ကြပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)