မန္တလေးမြို့၌ အခွန်ဆိုင်ရာလူထုလှုပ်ရှားမှု (Tax Awareness Campaign) အခမ်းအနား ကျင်းပ

မန္တလေး ဇူလိုင် ၁၅

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင်းပသည့် အခွန်ဆိုင်ရာ အသိပညာတိုးတက်ပြန့်ပွားရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှ (Tax Awareness Campaign)အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

တိုင်းဒေသကြီးဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဘဏ္ဍာငွေ တောင့်တင်းခိုင်မာရေးအတွက် အခွန်စီမံခန့်ခွဲမှုကဏ္ဍကို ပြုပြင်ပြောင်းလဲလျက်ရှိကြောင်း၊ ကောက်ခံရရှိသည့် အခွန်ငွေများကို ပြည်သူများအတွက် လိုအပ်သော ကျောင်း၊ ဆေးရုံ၊ လမ်းတံတားစသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်များတွင် ဥပဒေနှင့်အညီ အသုံးပြုနေခြင်းဖြစ်ကြောင်းအလေးပေးပြောကြားသည်။

ထို့ပြင် အစိုးရ၏ ရက်(၁ဝဝ)စီမံချက်အဖြစ် ဇူလိုင် ၈ ရက်မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်နေသည့် ယခုလှုပ်ရှားမှုသည် အခွန်ထမ်းများနှင့် အခွန်ဌာနအကြား ယုံကြည်မှု တံတားတစ်စင်း ဖြစ်ကြောင်း၊ လက်ရှိတွင် အခွန်ဝန်ဆောင်မှုများကို ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နေပြီဖြစ်၍ တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများနှင့် ကုမ္ပဏီအခွန်ထမ်းများအနေဖြင့် အခွန်ဆိုင်ရာ လုပ်ငန်းများကို အီလက်ထရောနစ်နည်းလမ်းများဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ထည့်သွင်းပြောကြားသည်။

၄င်းနောက် တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးတက်ထွဋ်အောင်က အခွန်ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခွန်ဇာလွင်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ အကြောင်းအရာများကိုလည်းကောင်း၊ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စက်မှုလက်မှုလုပ်ငန်းအသင်းအဖွဲ့အသီးသီးများမှ ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ စုစုပေါင်း ၄ဝဝ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)