ကြည့်မြင်တိုင် ဇူလိုင် ၁၅
(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားခဲ့ပုံများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျင့်တရား၊ စွမ်းဆောင်မှုများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကိုးဦးတို့၏ အတ္ထုပ္ပတိများနှင့် အာဇာနည်စိတ်ဓာတ်များအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ရာ ဆုရရှသည့်ကျောသ်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အသိပညာဗဟုသုတရရှိစေနိုင်သော သုတ၊ ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနေကြကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)