Financial Management Training for Commercial Fist Aid ဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၁၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ ဘဏ္ဍာရေးဌာန၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် “Financial Management Training for Commercial Fist Aid" ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်ရှိ Humanitarian Education Center တွင်ပြုလုပ်ခဲ့ရာ အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း National Society Development Delegate Ms.Laura Martinez တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ အလုပ်အမှုဆောင်များနှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူး၊ အရင်းအမြစ် စုစည်းအသုံးချရေးဌာန ညွှန်ကြားရေးမှူး၊ ဘဏ္ဍာရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အထောက်အကူပြုအရာရှိများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့သည်။

ဝင်ငွေရရှေးဦးပြုစုခြင်းစီမံကိန်းတွင် အသုံးပြုရမည့်ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ၊ အသုံးစရိတ်ပြေစာအသုံးပြုပုံများနှင့် ငွေစာရင်းခေါင်းစဉ်များ မှန်ကန်စွာရေးသွင်းနိုင်စေရေးအတွက်ရည်ရွယ်ကာ သင်တန်းကိုပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါသင်တန်းကို ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ပြုလုပ်လျက်ရှိပြီး သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ် (၆) ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် အထောက်အကူပြု အရာရှိများ စုစုပေါင်း (၄၇) ဦး တက်ရောက်ကြကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)