မြောက်ဥက္ကလာပ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် အဖွဲ့များခွဲ၍ စုံရက်၊ မရက်များအလိုက် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ပုံစံဖြင့် စနစ်တကျ စက်သုံးဆီရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက Denko စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်း ၊ အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူး လှိုင်ဝင်းအောင်၊ မြို့မရဲစခန်းမှ တပ်ကြပ်ကြီး ထွန်းအောင်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး လက်ထောက်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ခိုင်၊ မြို့နယ်စည်ပင်မှ အငယ်တန်းစာရေး ဦးထက်အောင်နိုင် ပါဝင်သောပူးပေါင်းအဖွဲ့သည် Denko စက်သုံးဆီဆိုင် မန်နေဂျာ ဦးတင့်နှင့်တွေ့ဆုံကာ စက်သုံးဆီများ စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ ယာဥ်များစနစ်တကျတန်းစီခြင်း ရှိ/မရှိ၊ ဆီပုံး ပေပါများဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ယာဥ်ကြောပိတ်ဆို့မှု ရှိ /မရှိ စစ်ဆေးခဲ့ရာ ဆီများ စနစ်တကျရောင်းချပေးလျက်ရှိကြောင်း၊ စုံရက်ဖြစ်၍ စုံအက္ခရာယာဥ်များနှင့် ခွင့်ပြုယာဥ်များသာ ဆီရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)