အင်းစိန် ဇူလိုင် ၁၅
တိုင်းဒေသကြီးနှင့်ပြည်နယ်ကရာတေးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဝန်ကြီးချုပ်က အမှာစကား ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ၎င်းနောက် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရန်ကင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဘင်ခရာအဖွဲ့က ဖျော်ဖြေတင်ဆက်ခြင်းနှင့် မြန်မာ့လက်ရွေးစင် ကရာတေးအားကစားသမားများက သရုပ်ပြယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပြိုင်ပွဲကို အားကစားသမား (၂၀၉) ဦးဖြင့် ဇူလိုင်လ (၁၄) ရက်နေ့မှ ဇူလိုင်လ (၁၇) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)