ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်၏ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်၏ ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်း လှည်းကူးမြို့နယ်၊ C 12 ရှိ  Myanmar Green Light Farm၏ ဥစားကြက် မွေးမြူရေးခြံတွင် အကောင်ရေ (၁) သိန်း မွေးမြူထားရှိမှုနှင့် View Point တွင် မွေးမြူရေးလုပ်ငန်းများနှင့် သီနှံပင်များ စိုက်ပျိူးထားရှိမှု၊ မှော်ဘီမြို့နယ်၊ M 6 နှင့် C 3 ရှိ ညောင်နှစ်ပင်ဥယျာဉ်ခြံတွင် ပြသထားသည့် သီးနှံများနှင့် ဓာတ်မြေဩဇာများ၊ စိုက်ပျိုးထားရှိသည့် ကိုက်လန်၊ ကုဆိုင်၊ မုန်ညင်းဖြူ၊ ကန်စွန်းရွက်၊ မုန်ညင်းစိမ်း၊ ချဉ်ပေါင်ရွက်၊ ထိုင်ဝမ်မုန်ညင်း၊ ယုဆိုင်၊ ဆလပ်၊ ဟင်းနုနယ် စသည့် သီးနှံပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခြံလုပ်သားများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင်စိုက်ပျိုး မွေးမြူရေး အထူးဇုန်အတွင်း မှော်ဘီမြို့နယ်၊ M 1 နှင့် C 6 ရှိ ထက်မြတ်ဇော် ငုံးမွေးမြူရေးခြံတွင် အကောင်ရေ (၉) သောင်း မွေးမြူထားရှိမှုနှင့် ငုံးပေါက်များ မွေးမြူထားရှိမှု၊ လှည်းကူးမြို့နယ်၊ M 1 နှင့် C 13 ရှိ Sunjin Myanmar Company Introduction ၏ အသားတိုးကြက် မွေးမြူရေးခြံတွင် အကောင်ရေ (၁၂၀၀၀၀) မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်ခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇုန်တာဝန်ရှိသူများဖြင့် တွေ့ဆုံပြီး တာဝန်ရှိသူများက ဇုန်အတွင်း မွေးမြူရေး၊ စိုက်ပျိုးရေး၊ လမ်းများ၊ ရေပေးမြောင်းများ၊ ရေသိုလှောင်ထားရှိမှုနှင့် ရေပေးဝေမှု အခြေအနေများစသည်တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)