အင်းစိန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အ.ထ.က (ရဲမွန်)တွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ နာယက ဒေါ်နှင်းနှင်းအေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက စုပေါင်း၍ သစ်ပင် စိုက်ပျိုးကြသည်။
၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ခရေ (၃၀) ပင်၊ မဟော်ဂနီ (၁၄၆) ပင်၊ စိန်ပန်း (၆၀) ပင်၊ ပျဉ်းကတိုး (၁၅၀) ပင်၊ ပျဉ်းမ (၁၅၀) ပင်၊ ပိတောက် (၇) ပင်၊ ကံ့ကော် (၃၀) ပင်နှင့် မန်ဂျန်ရှား (၆၅၀) ပင်၊ စုစုပေါင်း (၁၂၂၃) ပင်တို့ကို စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)