ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ အမှတ်(၉၀)ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာရဲမြင့်ထွန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ သံသယရှိ လူနာများအား အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ သလိပ်စစ်ဆေးခြင်း၊ ခရီးဆောင် ဓာတ်မှန်စက်(Mobile X-ray)ဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်းများဆောင်ရွက်၍ ဘီရောဂါကွင်းဆင်း ရှာဖွေခြင်း ဆောင်ရွက်ခဲ့ကြသည်။

တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းဖြင့် လူနာများအတွက် အချိန်ကုန်၊ ငွေကုန်သက်သာခြင်း၊ ရောဂါစောစီးစွာ ကုသနိုင်ခြင်း၊ ပျောက်ကင်းနှုန်းမြင့်မားခြင်း စသည့်အကျိုးကျေးဇူးများအပြင် မိသားစုနှင့် ပတ်ဝန်းကျင်အတွက် ကူးစက်မှုမှ ကာကွယ်နိုင်ခြင်း၊ အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းနှင့် နိုင်ငံတော်အတွက် ကျန်းမာရေးကုန်ကျစရိတ်လျော့ချနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)