တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

တာမွေ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်  ရည်ရွယ်ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာ အသင်းဝင်များဖြစ်သည့် စာရေးဆရာမ ခြယ်မှုန်းသီနှင့် စာရေးဆရာမ ရွှေယဉ်နုတို့က စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “ လူငယ်ရဲ့ဘဝနှင့်တန်ဖိုး ” စာအုပ်နှင့် ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများက စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “ လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး ” စာအုပ်မှ လူငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာတို့နှင့် ပတ်သက်၍ တစ်ဦးချင်းစီအလိုက် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား/သူ လေးများက ခန်းမအတွင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ၊ နွေရာသီ ပညာဒါန အခမဲ့သင်တန်းများ၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲများနှင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

ထက်တံခွန်(ပြန်/ဆက်)