ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်

ဒဂုံတောင် ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယ၊ ဥာဏပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်() အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အမှတ်()အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်မြိုင်က အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်း‌အေးက စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ စာရေးဆရာသက်ဝေမောင်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်းအရာများ‌ ဟောပြောဆွေးနွေးပြီး မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများသိရှိစေရေး အသိပညာ ဗဟုသုတရရှိသော စာပေကောင်းများဖတ်ရှုကြရန် တိုက်တွန်း ဟောပြောဆွေးနွေးသည်။    

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယပြိုင်ပွဲများဖြစ်သော ခါးလှည့်ကွင်း၊ ဘောလုံး‌ထည့်အင်္ဂလိပ်စကားပုံဆက်၊ ဒိုးဆက်၊ အရုပ်ဆက်၊ ဘောလုံးသယ်ပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပုံပြင်ပြောပြိုင်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ‌များအား ဆုများချီးမြှင့်ခြင်းနှင့် အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသူများကို အမှတ်တရလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးအောင်