နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပုဗ္ဗသီရိမြို့နယ်၌ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၅

မျိုးဆက်သစ်လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ အစဉ်တစိုက် ရှင်သန်နေစေရန်၊ စာပေအဆီအနှစ်များမှတစ်ဆင့် အသိပညာဗဟုသုတကြွယ်ဝပြီး နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပသော “စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်သည်။

ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပွဲတော်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်နေကြသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "စာကြည့်တိုက်ကို သွားကြစို့" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ လူငယ်များအနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို တစ်ဆက်တည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်မှုနည်းပါးလာပြီး စာအုပ်စာစောင်ဖတ်ရှုမှု လျော့နည်းလာသည့်အတွက် ၎င်းတို့စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုမှုအလေ့အထများ ပြန်လည်ရှင်သန်လာစေရန် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များနှင့်အတူ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိခြင်း၊ ဗဟုသုတကြွယ်ဝခြင်း စသည့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးများစွာ ရရှိနိုင်သည့်အတွက် ကလေးငယ်များအား ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့အထကောင်းများ ရှိနေစေရန် ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ လူငယ်များအနေဖြင့် နေ့စဉ်စာဖတ်သည့် အလေ့အကျင့်မှတစ်ဆင့် သုတ၊ ရသ ပညာရပ်အစုံကို ဖတ်ရှုလေ့လာပြီး နိုင်ငံတော်က အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်များက ဂုဏ်ပြုလွှာများနှင့်  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများကို ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ဗဟုသုတဖြစ်ဖွယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်၊ စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင် (ဒက္ခိဏ)