“Basic life support & AED Training” ဖွင့်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၁၅

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသည့် “Basic life support & AED Training”ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့် အတူ အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊  ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်သည်။

အရေးပေါ်အခြေအနေတစ်ခုတွင် လူတစ်ဦး၏ အသက်ကို ကယ်တင်နိုင်မည့် အခြေခံ အသက်ကယ် အထောက်အကူပြုနည်း၏ အခြေခံအသိပညာ၊ လက်တွေ့ကျွမ်းကျင်မှုနှင့် ယုံကြည်မှုတို့ကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ယခုသင်တန်းကို ပြုလုပ်ခြင်းဖြစ်ပြီး ဇူလိုင်လ (၁၄) ရက်နေ့ တစ်နေ့တာ ပြုလုပ်သည့် အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် (၈) ခရိုင်၊ မြို့နယ် (၄၄) မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၅၂) ဦး တက်ရောက်ခဲ့​ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)